By BBC/ 2021 January 17

ရခိုင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးဘဲ ကျန်ရှိနေတဲ့ စစ်ကျန်လက်နက်တွေကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေ တိုးပွားလာနေပြီး ဒုက္ခသည်တွေ နေရပ်ပြန်ပြီး နေထိုင်ကြတဲ့အခါမှာ အသက်အိုးအိမ် လုံခြုံမှုရှိစေရေးတို့အတွက် မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ခဲယမ်းတွေကိုလည်း ရှင်းလင်းပေးရမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
နှစ်နှစ်ခန့်အကြာ ရခိုင်ပြည်နယ်အတွင်း မြို့နယ်အသီးသီးက ဒုက္ခသည်စခန်းတွေမှာ နေထိုင်လျက်ရှိကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ အခု တိုက်ပွဲတွေ မရှိတော့တဲ့အချိန်မှာ သူတို့ရဲ့ မူလနေရပ်ကျေးရွာတွေကို ပြန်လည်သွားရောက်နေထိုင်ချင်ကြပေမဲ့ စားဝတ်နေရေးနဲ့ အသက်အိုးအိမ်လုံခြုံရေးခက်ခဲတဲ့ အခြေအနေတွေကို ကြုံနေကြရတာကြောင့် မပြန်နိုင်ကြသေးတာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြရတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ နေရပ်သို့ပြန်နိုင်ရေးအတွက် နေအိမ်တွေဆောက်လုပ်ပေးဖို့နဲ့ ရိက္ခာဆန်တွေ အကူအညီပေးနိုင်ရေးအတွက်ကို အစိုးရက စီစဉ်ဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလ ကစပြီး ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားတာ မရှိတော့တာကြောင့် စစ်ဘေးရှောင် ရှစ်သောင်းဝန်းကျင်ခန့်ဟာ နေရပ်တွေမှာ ပြန်လည်နေထိုင်နေကြတယ်လို့လည်း ရခိုင်စစ်ဘေးရှောင်တွေကို အကူအညီပေးနေသူတွေဆီက တစ်ဆင့်သိရပါတယ်။
- ရခိုင်မှာ စစ်ကျန် လက်နက်ခဲယမ်း ပေါက်ကွဲမှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေဆဲ
- တပ်မတော်ကဖမ်းပြီး ပျောက်ဆုံးနေတယ်ဆိုတဲ့ ရခိုင်ရွာသား ၁၈ ဦးကိစ္စ စတင်စစ်ဆေး

စစ်ဘေးရှောင်စခန်းတွေနဲ့ စခန်းပြင်ပနေရာတွေမှာ နေရပ်မပြန်နိုင်ဘဲ ဆက်လက် နေထိုင်နေကြတဲ့ စစ်ဘေးရှောင် အရေအတွက်ဟာ တစ်သိန်းရှစ်သောင်းကျော်ရှိတယ်လို့ ရခိုင်အမျိုးသားကွန်ဂရက်က ဇန်နဝါရီလ ၁၂ ရက်နေ့ နောက်ဆုံးကောက်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အစောပိုင်းကနေ နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ နေရပ်ကို ပြန်ချင်ကြပေမဲ့ မပြန်နိုင်သေးဘဲ ဒုက္ခသည်စခန်းတွေမှာဘဲ ဆက်လက်နေထိုင်နေကြရတဲ့အတွက် အဲ့ဒီလူတွေနေရပ်ပြန်နိုင်ရေး ပိုမို ကောင်းမွန်တဲ့ အကူအညီတွေပေးဖို့ အစိုးရကို တိုက်တွန်းတဲ့အဆိုကို လက်ရှိကျင်းပနေတဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
အဆိုနဲ့ပတ်သက်လို့ လွှတ်တော် စတုတ္ထနေ့မှာ ကိုယ်စားလှယ် ခြောက်ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး အစိုးရဘက်ကလည်း အခုလိုဆောင်ရွက်နေတဲ့ အခြေအနေတွေကို ရှင်းလင်းပြောကြားခဲ့တဲ့အတွက် အဲ့ဒီအဆိုကို လွှတ်တော်က အတည်ပြုခဲ့ပါတယ်။
ဆွေးနွေးခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ နှစ်နှစ်နီးပါးအကြာ နေရပ်စွန့်ခွာလာခဲ့ကြပြီး ဒေသတွင်း ဒုက္ခသည် စခန်းတွေမှာ အခက်အခဲ အကျပ်အတည်းတွေအကြား နေထိုင်နေကြရတာဖြစ်ပြီး ဒေသတည်ငြိမ်နေတဲ့အချိန်တွေမှာ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေရှိတဲ့ မူလနေရပ်ကျေးရွာတွေကို ပြန်လည်သွားရောက် နေထိုင်နိုင်အောင် အစိုးရနဲ့ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ မဖြစ်မနေ ကူညီပေးဖို့ လိုအပ်တယ်လို့ ထောက်ပြ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

“တိုက်ပွဲထဲမှာ မီးရှို့ခံရတဲ့ ကျေးရွာများ အသစ်ပြန်လည် ထူထောင် ဆောက်လုပ်နိုင်ရေး ကိုလည်း အစိုးရက တာဝန်သိစွာနဲ့ ကူညီဆောက်လုပ်ပေးမှသာလျင် ဘဝရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အနှံ့အပြားမှာလည်း တချို့ကျေးရွာတွေ ရွာလုံးကျွတ်လိုလို မီးရှို့ခံရတာတွေရှိနေကြတယ်။ ဒုက္ခသည်များ ပြန်နိုင်ရေးအတွက် ချက်ချင်းကို အိမ်ဆောက်ပေးရမှာ ဖြစ်ပါတယ်။ မီးမလောင်ဘဲ ကျန်နေခဲ့တဲ့အိမ်တွေလည်း လူမနေတော့လို့ ပြိုပျက်သွားပြီ ဖြစ်တဲ့အတွက် အဲ့ဒီအိမ်တွေကိုလည်း ကူညီဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။”လို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အချိန်တွေမှာ ထွက်ပြေးခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော် အနက် ရှစ်သောင်းလောက်ဟာ ဒေသတည်ငြိမ်နေပြီဖြစ်တဲ့အတွက် နေရပ်ပြန်သွားခဲ့ကြပြီဖြစ်ကာ တစ်သိန်းရှစ်သောင်းလောက်ကတော့ မပြန်နိုင်သေးကြဘဲ ဒုက္ခသည်စခန်းတွေမှာ ဆက်လက် နေထိုင်နေကြဆဲဖြစ်တယ်လို့ ဦးဦးသန်းနိုင်ရဲ့အဆိုမှာ ထည့်သွင်းဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့နောက်ပိုင်းကစလို့ ရခိုင်နဲ့ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေ အတွင်းမှာ တပ်မတော်နဲ့ အေအေတို့အကြား နှစ်ဖက် တိုက်ပွဲတွေ မရှိတော့သလို နှစ်ဖက်တပ်တွေအနေနဲ့လည်း နားလည်မှုရရှိလာခဲ့ပြီ ဖြစ်တဲ့အတွက် ဒေသခံတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည် လည်ပတ်စပြုလာနေပြီဖြစ်သလို သွားရေးလာရေး အခြအနေတွေလည်း ပုံမှန်နီးပါးလောက်ထိ လွတ်လပ်စွာ သွားလာခွင့်တွေ ရရှိလာနေပြီဖြစ်ပါတယ်။

အစိုးရက ပြန်သွားတဲ့ဒုက္ခသည်တွေကို အသိအမှတ်ပြုဖို့လိုအပ်ကြောင်းနဲ့ ပြန်သွားတဲ့ ဒုက္ခသည် မိသားစုတွေဟာ တစ်နေ့ နို့ဆီဘူးနှစ်လုံး ရတဲ့ ရိက္ခာဆန်တွေကို ဖြတ်တောက်ခံနေကြရပြီး ဒုက္ခသည်တွေကို အစိုးရအနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုကြောင်း ဦးထွန်းအောင်သိန်းက ပြောပါတယ်။
နယ်မြေ တည်ငြိမ်လာတဲ့အချိန်မှာ သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေက ဒုက္ခသည်စခန်းတွေကို လာရောက်ပြီး နေရပ်ပြန်မယ့်သူတွေကို စာရင်းကောက်ယူတာတွေ လုပ်ဆောင်နေပြီး နေရပ်ပြန်သွားတဲ့ ဒုက္ခသည်တွေကို အစိုးရဆီက တာဝန်ယူပေးမယ်လို့ ပြောဆိုတဲ့အတွက် ပြန်သွားတဲ့သူတွေကို ဒီနေ့အချိန်ထိ တစ်စုံတစ်ရာ ထောက်ပံ့တာတွေ မရှိသေးဘူးလို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးဘဲကျန်ရှိနေတဲ့ စစ်ကျန် လက်နက်တွေကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေ တိုးပွားလာနေပြီး ဒုက္ခသည်တွေ နေရပ်ကို ပြန်လည်သွားရောက်နေထိုင်ကြတဲ့အခါမှာ အသက်အိုးအိမ်လုံခြုံမှုရှိစေရေးတို့ အတွက် မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ခဲယမ်းတွေကိုလည်း ရှင်းလင်းပေးရမှာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြပြောဆိုကြပါတယ်။
” တပ်မိုင်းတွေသည် မှတ်ပုံတင်စနစ်နဲ့ထောင်တယ်။ သူ့ရဲ့စခန်းလုံခြုံရေးအတွက် ကာကွယ်ဖို့ ထောင်ခဲ့ရင် မှတ်ပုံတင်စနစ်တွေရှိပါတယ်။ ဒီမိုင်းတွေက ကျွန်တော်တို့အချိန်မရွေး ပြန်ဖော်နိုင်ပါတယ်။ တောထဲမှာ တစ်ဖက် အဖွဲ့အစည်းကထောင်ထားတဲ့မိုင်းတွေဆိုရင်တော့ ရှင်းရခက်တဲ့အနေအထားပါ။ နှစ်ဖက်အနေအထားက စာချုပ်စာတမ်းနဲ့ သဘောတူ လက်မှတ်ထိုးဖို့ကိစ္စတွေ ပြီးမြောက်သွားတဲ့အခါ ကျွန်တော်တို့ တပ်ဘက်ကနေပြီးတော့မှ တာဝန်ယူပြီးတော့မှ လုပ်သွားမယ့်အပိုင်းတွေဖြစ်ပါတယ်။”လို့ ဗိုလ်မှူးကြီးမင်းသန်းက ပြောပါတယ်။

ဗုံးသီး၊ လက်နက်ခဲယမ်းတွေက အင်မတန် အန္တရာယ်ရှိတဲ့အတွက် တွေ့လို့ရှိရင် သက်ဆိုင်ရာကို ချက်ချင်း သတင်းပို့ တင်ပြမယ်ဆိုလို့ရှိရင် အန္တရာယ်နည်းသွားမယ့် အနေအထားဖြစ်ပြီး ဒီအတွက်ကို လိုအပ်တဲ့အစီအမံတွေလည်း လိုအပ်နေတယ်လို့ သူကပြောပါတယ်။
မိုင်း အသိပညာပေးလုပ်ငန်းတွေကို အစိုးရဘက်က သင်တန်းတွေလုပ်နေသော်လည်း ပုံမှန်မဖြစ်သေးကြောင်းနဲ့ တခြား NGO, INGO အဖွဲ့တွေ ပြည်သူ့အဖွဲ့တွေ၊ ရပ်ရွာအဖွဲ့တွေနဲ့ ပေါင်းစပ်ပြီးလုပ်မှသာ အန္တရာယ်ကင်းမယ့် အနေအထားမျိုးကို တွေ့ရတယ်လို့ ဗိုလ်မှူးကြီးမင်းသန်းက ပြောပါတယ်။
ဇန်နဝါရီလအတွင်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ နေရာတွေအနီးမှာ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေ ပေါက်ကွဲမှုသုံးကြိမ်ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ ၁၀ ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။
တပ်မတော်အနေနဲ့ အခုလိုမျိုး တိုက်ပွဲဧရိယာတွေအတွင်းမှာ ထောင်ထားခဲ့တဲ့ မိုင်းတွေကို ပြန်လည်ရှင်းလင်းပေးဖို့ ပြောဆိုတာဟာ ဖြစ်သင့်တဲ့ကိစ္စဖြစ်ပေမယ့် လက်ရှိမှာတော့ ဒီလုပ်ငန်းစဉ်တွေကို မလုပ်နိုင်သေးဘဲ ဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ ပြင်ဆင်နေတာဟာ မဖြစ်သင့်ဘူးလို့ ဒေသတွင်း မိုင်းအသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဝံလက် ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာအဖွဲ့ဝင် ဦးခိုင်ကောင်းစံက ပြောပါတယ်။
လက်ရှိမှာ နှစ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ နားလည်မှုရရှိရုံသာဖြစ်ပြီး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်တွေ မချုပ်ဆိုရသေးတာကြောင့် ဒုက္ခသည်တွေကိုနေရပ်ပြန်ပို့ဖို့ မဖြစ်နိုင်သေးကြောင်း ဦးခိုင်ကောင်းစံက သုံးသပ်ပါတယ်။
နှစ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်တွေ ချုပ်ဆိုနိုင်တဲ့ အဆင့်ကိုရောက်လာခဲ့ရင်လည်း တိုက်ပွဲတွေအတွင်း ထောင်ထားခဲ့တဲ့ မိုင်းတွေကို ပြန်လည်ရှင်းလင်းဖို့ဆိုတာ ထင်သလောက် မလွယ်ကူနိုင်ကြောင်းနဲ့ ရေရှည် လုပ်ရမယ့်အလုပ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ ရခိုင်တစ်ပြည်နယ်လုံးမှာတော့ နှစ်နှစ်တာ စစ်ပွဲကာလအတွင်း မိုင်းနဲ့ လက်နက်ကြီးကျည်တွေကြောင့် သေဆုံးသူတွေရှိခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူ ၇၀ ကျော်အထိရှိနေပြီလို့ ဝံလက် ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းကနေ သိရပါတယ်။
လက်ရှိမှာလည်း စစ်ပွဲအတွင်းထောင်ထားခဲ့တဲ့မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်တွေကြောင့် ထိခိုက်သေဆုံးမှုတွေ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
https://www.facebook.com/166580710064489/posts/3768498266539364/