စပါးပေါ်ချိန် စပါးစျေးမရသဖြင့် ရခိုင်တောင်သူများ အခက်တွေ့

By Western News/ 2021 January 26

ခင်သီတာ

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ယခုနှစ်မိုးရာသီတွင် မိုးစပါးစိုက်ပျိုးမှုလျော့နည်းခဲ့ပြီး လက်ရှိ စပါးပေါ်ချိန်တွင်လည်း စပါးစျေးကောင်းမရသည့်အတွက် တောင်သူများအခက်တွေ့နေရကြောင်း ပြောဆိုကြသည်။လက်ရှိအချိန်တွင် ဒေသတွင်းစပါးစျေးကွက်အတွင်း ပေါ်ဆန်းမွှေး တောင်း ၁၀၀(တင်း ၄၀) ကို ၂၈၀၀၀၀ ကျပ် နှင့် အိန္ဒိယချေ(ဒေသအခေါ်)တောင်း ၁၀၀ ကို ၂၀၀၀၀၀ ကျပ်ခန့်သာရရှိသော်လည်း စပါးဝယ်ယူသူ နည်းပါးသည့်အတွက် မတ်လတွင် ပေးအပ်ရမည့် အစိုးရဘဏ်ချေးငွေဆပ်ရန်အခက်အခဲရှိနေသည်ဟု ကျောက်တော်မြို့နယ်၊ ခွဆုံကျေးရွာမှ ဦးအောင်သိန်းကပြောသည်။ “စပါးစျေးက ကျုပ်တို့မျှော်မှန်းထားသလို လုံးဝဖြစ်မလာဘူး။ ကျွန်တော်တို့မှာ ဒီနှစ်က စပါးထွက်နှုန်း တော်တော်လေးကျဆင်းတယ်။ စပါးထွက်နှုန်းကျဆင်းတဲ့ကြားထဲ စပါးကိုဝယ်မဲ့သူကမရှိဘူး။ စပါးကို ဝယ်ပါဆိုပြီးရောင်းနေရတယ်။ စပါးကိုမရောင်းပဲ ဒီအတိုင်းစျေးရတဲ့အချိန်ရောင်းမှ ရောင်းမယ်ဆိုလည်း မဖြစ်ပြန်ဘူး။ ကျွန်တော်တို့ တောင်သူတွေမှာ အစိုးရဆီက ချေးငွေဆပ်ရမယ်။ မတ်လဆိုရင်နောက်ဆုံး ဆပ်ရမှာ။ ဘဏ်ချေးငွေကိုသတ်မှတ် ထားတဲ့အချိန်မှာ ဆပ်နိုင်ဖို့အတွက် ရတဲ့စျေးနဲ့ရောင်းရတယ်။ ကျုပ်တို့အရင်တုန်းကဆိုရင် စပါးတစ်တောင်းကို ဗူး ၄၈ ဗူးပဲရှိတယ်။ ခုက ၅၆ ဗူး၊ ၅၈ ဗူး၊ ဗူး ၆၀ ထိတောင်ဖြစ်ကုန်ပြီ။ ကျွန်တော်တို့မှာ ဘဏ်ငွေကို သတ်မှတ်ထားတဲ့ အချိန်မှာ ဆပ်နိုင်ဖို့အတွက် ရတဲ့စျေးနဲ့ရောင်းရတယ်။ ကျွန်တော်တို့မှာ လယ်ယာကလွဲရင်ကျန်တဲ့ အလုပ်က မရှိ ဘူး။ ပင်ပန်းတာပဲအဖတ် တင်ပါတယ်”ဟုပြောသည်။နိုင်ငံရေးမတည်ငြိမ်သည့်ကြားထဲမှ အသက်ကိုရင်းကာ စိုက်ပျိုးခဲ့သည့် စပါးများမှာ အထွက်နှုန်းကျ ဆင်းသည့်အပြင် စျေးနှုန်းကပါကျဆင်းသည့်အတွက် တောင်သူလယ်သမားများအနေဖြင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်ရှင်သန်ရန် အခက်အခဲဖြစ်နေပြီဟု ပုဏ္ဏားကျွန်းမြို့နယ် လယ်သမားတစ်ဦးကပြောသည်။“ကျွန်တော်တို့မှာ တိုက်ပွဲတွေကြားထဲ နိုင်ငံရေးတွေ မတည်ငြိမ်တဲ့ ကြားထဲက စိုက်ပျိုးထားတဲ့ ဒီစပါးဟာ ခုစပါးပေါ်ချိန်ကိုရောက်တာနဲ့ အထွက်နှုန်းကျတဲ့အပြင် စျေးကလည်းမရပြန်ဘူး။ စပါးဖြစ်လာဖို့ ကျွန်တော်တို့ ငွေကုန်လူပင်ပန်းတော်တော်လေးရင်းနှီးခဲ့ရတယ်။ ဒီလို အခြေအနေမျိုးတွေသာ ဆက်ဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့ လယ်လုပ်ငန်းလုပ်ပြီး အသက်ရှင်ဖို့ အခက်အခဲရှိလာနိုင်ပါတယ်”ဟုပြောသည်။ရခိုင်ပြည်နယ်မှ တောင်သူလယ်သမားများအတွက် အစိုးရအနေဖြင့် သတ်မှတ်ထာသော စံနှုန်းများမရှိသည့်အ တွက် ပြည်မဖက်ကို သွားရောက်ကာ ရောင်းချနေရသည့် အခြေအနေတွင်ရှိနေကာ ပြီးခဲ့သည့် အစိုးရ လက်ထက်က အခြေခံစပါးစျေးကို ၅ သိန်းအထိ သတ်မှတ်ခဲ့သော်လည်း ပေါ်လစီတစ်ရပ်သာ ဖြစ်ခဲ့ပြီး လက်တွေ့တွင် ၃ သိန်းနှင့် ၃ သိန်းခွဲအထိသာ စျေးရရှိခဲ့သည်ဟု ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဦးကျော်ဇံ ကပြောသည်။“လုပ်ငန်းရှင်တွေတောင် ၅ သိန်း သတ်မှတ်ခဲ့တာကို မခံစားခဲ့ရဘူး။ လုပ်ငန်းရှင်မခံစားရတော့ ကုန်သည်ကော မခံစားရဘူး။ ကုန်သည်ကနေ ပြီး နောက်ဆုံး လယ်သမားတွေ ပိုပြီး နစ်နာတယ်။ ကုန်သည်ကလည်း ကုန်သည်ကြီး ကုန်သည်ငယ်တွေ ရှိသေးတယ်။ ဆိုတော့ ကျွန်တော်တို့မှာ လယ်သမားတွေဟာ အစိုးရဆီရောက်ဖို့အတွက် အနည်းဆုံး ကုန်သည်ငယ်၊ ကုန်သည် ကြီး၊လုပ်ငန်းရှင်ဆိုတဲ့ ဒီ ၃ ဆင့်ကို ဖြတ်ရတယ်။ ဒီကြားထဲမှာပဲ လယ်သမားတွေရဲ့ အခွင့်အရေးကဆုံးရှုံးသွားတယ်’ဟုပြောသည်။လက်ချိန်တွင် ရခိုင်ဒေသမှ ထွက်သည့် စပါးမှာအစိုးရမှ ပုံမှန်သတ်မှတ်ထားသည့် စျေးကွက် မရှိသည့်အပြင် ရခိုင်ဒေသထွက် ဆန်စပါးကို ပြည်မဖြစ်သည့် ရွှေဘိုမြို့ကိုအဆင့် ဆင့်ပို့ဆောင်ကာစျေးကွက် ကောင်းတစ် ရပ်ဖြစ်အောင် ဖန်တီးနေရကြောင်းလည်း ရခိုင်ပြည် တောင်သူလယ်သမားသမဂ္ဂမှသိရသည်။

Western News- WN

https://www.facebook.com/102405104899336/posts/218936606579518/

Leave a Reply

Your email address will not be published.