By Development Media Group / January / 18 / 2021
ခင်သရဖီဦး | DMGဇန်နဝါရီ ၁၈
စစ်တွေရခိုင်ပြည်နယ်တွင် တိုက်ပွဲများရပ်တန့်နေသည့်အတွက် စစ်ဘေးရှောင်များ နေရပ်ပြန်ရေးနှင့်ပတ်သက်ပြီး စစ်ရှောင်စခန်းအားလုံးကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။ယင်းသို့စစ်ဆေးရာတွင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ပါဝင်ဖွဲ့စည်းထားသည့် အဖွဲ့များက နေရပ်ပြန်လိုသူများနှင့် နေရပ်မပြန်လိုသူများကို ခွဲသွားမည်ဖြစ်ပြီး မည်သည့်နေ့တွင် စစ်ဆေးသွားမည်ကို မသိသေးကြောင်း ဗိုလ်မှူးကြီး မင်းသန်းကဆိုသည်။“တိုက်ပွဲရှောင်တွေ ပြန်လိုတဲ့လူ၊ မပြန်လိုတဲ့လူခွဲမှာ၊ ဘယ်နေ့စစ်မယ်ဆိုတာတော့မသိဘူး၊ သူတို့မြို့နယ်က လုပ်မှာဆိုတော့ တိုက်ပွဲမရှိတော့ရင် ပြန်ပေါ့၊ အကောင်းဆုံးကတော့ ပြန်ဖို့တိုက်တွန်းတာပေါ့၊ ဒီချိန်ပြန်ဖို့ လိုတာပေါ့၊ လယ်တွေယာတွေသိမ်းရမယ်၊ ကျွဲတွေ၊နွားတွေ ပြန်ကောက်ရမယ်” ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်က မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၁၅ ခုဖြစ်သည့် လက်ကောက်ဈေး၊ ညောင်ပင်ဈေး၊ လော်ကမူ၊ ထမ္မရာဇ်၊ အောင်တပ်၊ သံချောင်း၊ တင်းတိန်ကန်၊ တောင်မြင့်၊ ကျောက်ကျပ်၊ ဆင်ကဲ၊ စင်းဘောကိုင်း၊ တိမ်ညို၊ ဝက်လှ၊ နကန်နှင့် ပြလှ(ဘုရားလှ) စသည့်စစ်ဘေးရှောင်စခန်းများအား စစ်ဆေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် စာပေးပို့ထားကြောင်း သိရသည်။စစ်ဘေးရှောင်များ နေရပ်မပြန်ခြင်းအား မိသာစုအလိုက်မေးမြန်းရာတွင် နေအိမ်မရှိသူများ၊ တိုက်ပွဲပြန်ဖြစ် မည်ကိုစိုးရိမ်သူများ၊ အလုပ်အကိုင်မရှိခြင်းနှင့် တပ်မတော်သားများ ရှိနေခြင်းတို့ကြောင့်ဟု ပြန်ဖြေကြားသဖြင့် ယင်းဖြေကြားချက်များအား မြို့နယ်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ပြည်နယ်အစိုးရထံ တင်ပြခဲ့ကြောင်း စခန်း တာဝန်ရှိသူများက ပြောသည်။စစ်ဘေးရှောင်စခန်းများကို လက်နက်ကိုင်ဆောင်ထားသည့် တပ်မတော်သားများ ဝင်ရောက်စစ်ဆေးပါက စိုးရိမ်ကြောက်လန့်မှုများ ရှိနိုင်ကြောင်း မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းမှ ဒေါ်စိန်စိန်ဌေးက ဆိုသည်။“ကျမတို့စစ်ဘေးရှောင်တွေက သူတို့ကို စစ်ဝတ်နဲ့မြင်ရင် အကုန်ပြေးကြမှာပါ၊ ဒီကိုလာပြီးစစ်ရင်တော့ အဆင် ပြေမှာမဟုတ်ဘူး၊ စစ်တပ်တွေကိုမြင်ရင် အကုန်လုံးက ကြောက်နေကြတာဆိုတော့” ဟု ၎င်းကပြောသည်။
စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးမောင်ဝင်းစိန်က “စစ်ဘေးရှောင်တွေက စစ်ကြောင်းနဲ့ စစ်မယ်ဆိုတော့ နည်းနည်းစိုးရိမ်းကြတယ်၊ ဘာကြောင့်လဲဆိုတော့ အရင်က မြို့ဦးခေါင်းတို့မှာဆိုရင် စစ်ဆေးတဲ့အချိန် ဖမ်းသွားတာတွေရှိတယ်” ဟု ပြောသည်။လက်ရှိတိုက်ပွဲဖြစ်ပွားမှုများမရှိသဖြင့် စစ်ဘေးရှောင်များမှာနေရပ်ပြန်လို့သော်လည်း မိုင်းအန္တရာယ်ကို စိုးရိမ်မှုများရှိကြောင်း ပြောဆိုကြသည်။“အရင်က ကျမမောင်က တောင်မှာ ထင်းသွားခုတ်တာ၊ မိုင်းထိပြီးတော့ ညာဖက်ခြေထောတ်ပြတ်သွားတယ်။ ပြတ်သွားပြီး ဆေးရုံရောက်တာနဲ့ ဆုံးသွားတယ်။ အဲဒီလို မိသားစုတွေထဲက ထိလို့ရှိတာကြောင့် ကျမက အများကြီးစိုးရိမ်တယ်” ဟု အောက်သားကန်ကျေးရွာမှ တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ရောက်ရှိနေသည့် ဒေါ်စိန်ဝင်းမေက ပြောသည်။ယခုကဲ့သို့ စစ်ဆေးခြင်းများကို အစိုးရမှပြုလုပ်ခြင်းဖြစ်သည့်အတွက် လက်ခံရမည်ဖြစ်ကာ မိုင်းရှင်းလင်းရေး အတွက်ကိုလည်း တပ်မတော်က အချိန်တန်ရင်ပြောလိမ့်မည်ဟု ဗိုလ်မှူးကြီးမင်းသန်းက ဆိုသည်။ “လောလောဆယ်တော့ ရန်သူနဲ့ ငြိမ်းချမ်းရေးမရခင်တော့ လုပ်လို့ဘယ်ရမလဲ၊ လုံခြုံမှုရှိတဲ့နေရာတော့ ပြန်လို့ ရတာပေါ့၊ မိုင်းရှင်းလင်းတာကတော့ နှစ်ဖက်ညိုနှိုင်းပြီးတော့မှ ရှင်းလင်းလို့ရမှာ၊ ဒီတိုင်းတော့မရဘူး၊ တပ်က အချိန်ကျရင် ပြောပါလိမ့်မယ်”ဟု ၎င်းကဆိုသည်။
စစ်ဘေးရှောင်စခန်းများကို စစ်ဆေးရာတွင် တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်များကိုယ်စား စစ်ဆေးမှုများအတွက် မြို့နယ်အုပ်ချူပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့ကိုသာ စစ်ဆေးရေးအဖွဲ့နေရာတွင်ထားသင့်ကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောသည်။“ရဲတပ်ဖွဲ့ဝင်ပဲဖြစ်ဖြစ်၊ တပ်မတော်ပဲဖြစ်ဖြစ် စီစစ်မယ့်လက်နက်တွေကိုင်ပြီးတော့ ဝင်ရောက်လာမယ်ဆိုရင်တော့ ဒုက္ခသည်တွေက ကြောက်အား၊လန့်အားနဲ့ ထွက်ပြေးကြမယ်လို့ ယူဆတယ်” ဟု ၎င်းကဆိုသည်။ စစ်ရှောင်စခန်းများကို မည်သည့်နေ့တွင်၊ မည်သည့်ပုံစံဖြင့် စစ်ဆေးသွားမည်ကို သိရှိရရန် မြောက်ဦးခရိုင်ရဲစခန်း၊ မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးတို့ထံ DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် အေအေတို့၏တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေ ၁ သိန်း ၉ သောင်းကျော်ရှိနေပြီး စားဝတ်နေရေး အခက်အခဲများအပြင် ဆောင်းရာသီအတွက် အနွေးထည်နှင့်စောင်များ လိုအပ်မှုရှိနေသည်။
https://www.facebook.com/466648543487562/posts/1923819647770437/