စစ်ဘေးရှောင်များနေရပ်ပြန်ရေး မိုင်းရှင်းလင်းခြင်းနှင့် ပျက်စီးခဲ့သည့်နေအိမ်များကို ပြန်လည်ဆောက်လုပ်ပေးရန်လို

By Western News/ January 2/ 2021

– ခိုင်ဇော်ထွန်းဇန်နဝါရီ ၂ ရက်ရခိုင်တွင် လတ်တလော အပစ်အခတ်များရပ်စဲနေပြီး ငြိမ်းချမ်းရေးအလား အလာကောင်းများ ရှိလာသဖြင့် စစ်ရှောင်ဒုက္ခသည် အများစုမှာ မိမိတို့၏ နေရပ်သို့ ပြန်နိုင်ရေး မျော်လင့်နေကြသည်။စစ်ဘေးရှောင်များအနေဖြင့် မိမိတို့၏ နေရပ်ကို ပြန်လိုကြသော်လည်း အများစုမှာ မြေမြုပ်မိုင်းအန္တရာယ်ကို စိုးရိမ်နေကြသလို ကျေးရွာတစ်ချို့၌ နေအိမ်များမရှိတော့သည့်အတွက် လုပ်ကိုင်စားသောက်စရာ များလည်း မရှိတော့သည့်အခြေအနေနှင့် ရင်နေကြရသည်။စစ်ရှောင်အများစု၏ နေရပ်ပြန်နိုင်ရေးအတွက် အစိုးရမှကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ကျောက်တော်မြို့ ကဝိရတနာ ဘုန်းတော်ကြီးကျောင်းစစ်ဘေးရှောင်စခန်းတွင် လာရောက်ခိုလှုံနေသည့် ဦးအောင်ကျော်လှက Western News ကိုပြောသည်။“ကျွန်တော်တို့ အိမ်ပြန်နိုင်ဖို့အတွက်ဆိုရင်တော့ အဓိကက ကျွန်တော်တို့ရဲ့ ကျေးရွာနယ်မြေတွေကို အစိုးရက မိုင်းရှင်းလင်းရေး လုပ်ပေးဖို့လိုတယ်။ အစိုးရက မရှင်းလင်းပေးဘူးဆိုရင် ကျွန်တော်တို့က မြေမြှပ်မိုင်းအန္တရာယ်နဲ့ရင်ဆိုင်ရလိမ့်မယ်။ ပြီးရင် တိုက်ပွဲတွေ ကြောင့်ပျက်စီးခဲ့တဲ့ နေအိမ်တွေကို ပြန်လည်ဆောက်ပေးဖို့လိုအပ်ပါတယ်။ အခုကျွန်တော်တို့မှာက ရွာကိုပြန်သွားခဲ့ရင် လုပ်ကိုင်စားသောက်စရာတွေလဲမရှိတော့ဘူး။ အဲဒါတွေကိုလည်း အစိုးရအနေနဲ့ လုပ်ဆောင်ပေးဖို့လိုအပ်တယ်”ဟုပြောသည်။ယင်းအပြင် စစ်ရှောင်ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် အစိုးရအနေဖြင့် တိုက်ပွဲကြောင့်ပျက်စီးဆုံး ရှုံးခဲ့သည့် နေအိမ်နှင့် အခြားအရာများကို ပဏာမစာရင်းကောက်ယူကာ ပြုပြင်ပေးရန်လိုအပ်ပြီး ရန်ပုံငွေမရှိပါက နိုင်ငံခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းကာလုပ်ဆောင်သင့်ကြောင်း ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံကပြောသည်။“လောလောဆယ် အိမ်ပြန်နိုင်ဖို့ဆိုတာကလည်း မဖြစ်နိုင်သေးဘူး။ သူတို့နေရပ်ပြန်သွားရင်တော့ သက်မွေးဝမ်းကျောင်းကိစ္စနဲ့ ရင်ဆိုင်ရလိမ့်မယ်။ အစိုးရအနေနဲ့ ကလည်း တိုက်ပွဲတွေကြောင့် မီးလောင်ပျက်စီးခဲ့တဲ့နေအိမ်တွေနဲ့ဆုံးရှုံးခဲ့တာတွေကို ပဏာမစာရင်းကောက်ယူပြီး ပြင်ပြုပြင်ပေးဖို့လိုတယ်။ တကယ်တမ်း အစိုးရဆီမှာ ရန်ပုံငွေတွေမရှိဘူးဆိုရင်လည်း နိုင်ငံခြားအဖွဲ့ အစည်းတွေကိုအကူအညီတောင်းပြီး ဆောင်ရွက်ပေးဖို့လိုတယ်။ နောက်တစ်ခုက အစိုးရဟာ ငွေကြေးနဲ့ထိတွေ့ဖို့လိုတယ်။ ကျောက်တော်မြို့နယ် တောင်ပေါက်နဲ့ ဘုရားပေါင်းကျေးရွာသားတွေဆိုရင် ရွာသားတွေလိုချင်တဲ့ အိမ်ပုံစံတွေမဖြစ်ဘူး။ သူတို့ကတော့ ရိုးရာဓလေ့ယဉ်ကျေးမှုအရ သစ်တွေ၊ ဝါးတွေနဲ့လိုချင်တယ်ပေါ့ ကျွန်တော်တို့စုံစမ်းရသလောက်ကတော့”ဟုပြောသည်။စစ်ရှောင်အများစုနေရပ်ပြန်နိုင်ရေးအတွက် မိုင်းလင်းရှင်းလင်းပေးရန်လိုအပ်သလို မိမိတို့၏ ကျေးရွာများ၌ မူလနေထိုင်ခဲ့သည့် ပုံစဉ်အတိုင်းဖြစ်ရန်လိုအပ်ကာ ကျေးရွာအနီးအနား၌ တပ်မတော်မှ စခန်းချနေထိုင်ခြင်းများ၊ ကျေးရွာအတွင်း ဝင်ရောက်စစ်ဆေးခြင်းများကို မလုပ်ရန်လိုအပ် ကြောင်းလည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ၏ အတွင်းရေးမှူးဦးဇော်ဇော်ထွန်းက ပြောသည်။“စစ်ဘေးရှာင်တွေအိမ်ပြန်ဖို့ဆိုရင် ပထမတစ်ချက်က သူတို့ရွာကိုရောက်သွားရင် ပုံမှန်လုပ်ကိုင်စားသောက်လို့အဆင်ပြေအောင် လုပ်ပေးဖို့လိုတယ်။ သူတို့ကို အိမ်ဆောက်ပေးတာလောက်၊ နေရပ်ပြန်ဖို့ စရိတ်ပေးတာလောက်နဲ့တော့ မရဘူး။ သူတို့ရွာကို ရောက်သွားရင် သူတို့နေထိုင်စားသောက်ခဲ့တဲ့အတိုင်းဖြစ်ဖိုလိုတယ်ပေါ့။ ပြီးရင် ရွာအနီးမှာ စစ်တပ်ကစခန်းချပြီးနေတာတွေ၊ ရွာတွေကိုဝင်ပြီး စစ်ဆေးတာတွေ၊ လမ်းခရီးပိတ်ဆို့တာတွေနဲ့ မိုင်းရှင်းလင်းရေးတွေလုပ်ပေးဖို့လိုအပ်တယ်။ အဲဒီအခြေအနေတွေကို မလုပ်ပေးဘူးဆိုရင်တော့ ပြန်လို့ရမယ်မထင်ပါဘူး။ တစ်ချို့နေရာတွေမှာဆိုရင် အခုအချိန်ထိ လမ်းခရီးတွေပိတ်ဆို့ထားတုန်းပဲ။ အမ်းမြို့နယ် ဒါးလက်ချောင်းတို့ ကျောက်တော်-ပလက်ဝရေလမ်းကြောင်းတို့နဲ့ ရသေ့တောင်တို့မှာဆိုရင် အခုထိပိတ်ဆို့ထားတုန်းပါပဲ”ဟုပြောသည်။၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းမှစတင်၍ (၂) နှစ်တာကာလအတွင်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူ ၂၀၀၀၀၀ ကျော်ရှိခဲ့ပြီး တိုက်ပွဲများကြောင့် ကျေးရွာပေါင်း ၄၈ ရွာမှ နေအိမ် ၂၀၀၅ အိမ်မီးလောင်ပျက်စီးမှုရှိသည်ဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) ၏ စာရင်းအရသိရသည်။

Western News- WN

https://www.facebook.com/102405104899336/posts/203756461430866/

Leave a Reply

Your email address will not be published.