စစ်တွေ မင်းဂံရပ်ကွက်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးအသစ်ရွေးချယ်မှုဆိုင်ရာ ကြီးကြပ်ရေးမှူး ၅ ဦး ရွေးချယ်တင်မြှောက်

By Narinjara / January 30 / 2021

ဇွဲဓန (ကိန်းသာမြေ)၊ ဇော်ဝင်းဌေး (ငခူးချောင်း)
နိရဥ္စရာ၊ ဇန်နဝါရီ ၃၀ / ၂၀၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နံနက် ၉ နာရီမှ စတင်၍ ရပ်ကွက်မှ ရွေးချယ်လိုက်သော ဆယ်အိမ်မှူးများအား စီစဉ်ဆောင်ရွက်ရန် ကြီးကြပ်ရေး ၅ ဦးကို ရွေးချယ်တင်မြှောက်လိုက်ကြောင်း သတင်းရရှိသည်။
၄င်းတို့ ၅ ဦးမှာ မင်းဂံ အကွက် (၃)မှ ဦးမောင်တင်၊ (မင်းဂံ အကွက် ၁၀)မှ ဦးမောင်လှစိန်၊ (မင်းဂံ ဝန်ထမ်း အကွက် ၅)မှ ဦးမောင်မြင့်သိန်း၊ (မင်းဂံ အကွက် ၈)မှ ဦးမောင်ရွှေသိန်းနှင့် (မင်းဂံ ဝန်ထမ်း အကွက် ၁)မှ ဦးထွန်းမြင့်တို့ဖြစ်ကြောင်း သိရသည်။
ကြီးကြပ်ရေးအဖွဲဲ့ခေါင်းဆောင် ဦးမောင်တင်က ̏ ကျနော်တို့ ကော်မရှင်တွေက ရပ်ကွက်သူ/သားတို့၏ ဆယ်အိမ်မှူး ရွေးချယ်တဲ့လူကို မှတ်တမ်းတင်ပေးရမှာဖြစ်တယ်။ ကျနော်တို့ ကော်မရှင်တွေက သူတို့ကို ရွေးချယ်ရမှာ မဟုတ်ဘူး။ ဥပမာပေါ့နော်။ ရပ်ကွက်ထဲက အနီးတစ်ဝိုက် အိမ် ဆယ်နှစ်အိမ်ရှိတယ်ဆိုတော့ အဲဒီ အိမ်တွေထဲက ဆယ်အိမ်မှူးတစ်ယောက်ကို ရွေးချယ်မှာဖြစ်တယ်။ ကျနာ်တို့က ဒီတာဝန်ကို အစိုးရသစ် ဖွဲ့စည်းပြီးမြောက်အောင်ထိ ထမ်းဆောင်ရမှာဖြစ်တယ်။ အုပ်ချုပ်ရေးမှူး ဖြစ်မြောက်ဖို့အတွက် ကူညီပ့ံပို့ပေးတာ ဖြစ်တယ်။ အဓိက ရပ်ကွက်မှာနော် အုပ်ချုပ်ရေးမှူး လူကောင်းလူမွန်ကို ရဖို့အတွက် ရပ်ကွက်သားတွေက ရွေးချယ်တင်ပေးဖို့ လိုအပ်ပါတယ်။ ̋ ဟုပြောသည်။
ယခုရွေးချယ်တင်မြှောက်လိုက်သော ကြီးကြပ်ရေးမှူး ၅ ဦးသည် နောက်တက်လာမည့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကို ရွေးချယ်ရာတွင် အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေးသွားမည့် လူကောင်းများဟုမြင်မိကြောင်း ကြီးကြပ်ရေးမှူးရွေးချယ်တင်မြောက်ရာသို့ တက်ရောက်လာသူ ဒေါ်ကျော့စိန်က ပြောသည်။
ဒေါ်ကျော့စိန်က ̏ အခု ရွေးချယ်လိုက်တဲ့ ကြီးကြပ်ရေး ငါးယောက်ကို လူကောင်းတွေလို့ မြင်ပါတယ်။ သူတို့က နောက်ပိုင်းမှာ အဲဒီလူတွေကို ရွေးချယ်လာမှာဆိုတော့ လူကောင်းတွေ တက်လာမှာပါ။ အရင်လုပ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးတွေမှာ ကောင်းတဲ့လူရှိသလို မကောင်းတဲ့လူလည်းရှိတယ်။ ကျမအနေနဲ့ အများကြီးကျေနပ်အားရတာ မရှိတာတွေပါတယ်။ ဒီရပ်ကွက်က ကြီးတယ်ဆိုတော့ သွားပြီး ကြီးကြပ်တာတွေ မတွေ့ရဘူးပေါ့။ ပြီးတော့ ရပ်ကွက်ရဲ့ အခြေနေတွေကို လိုက်ပြီး ထိန်းပေးတာတွေ မတွေ့ရှိခဲ့ဘူး။ နောက်တက်လာမယ့် အုပ်ချုပ်ရေးမှူးတွေကို ကျမတို့က အရင်လုပ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးတွေလို မဖြစ်စေချင်ပါ။ ရပ်ကွက်မှာနော် အဆိုးအကောင်းတွေကို လိုက်ပြီးထိန်းပေးဖို့လူကို လိုချင်ပါတယ်။ ̋ ဟုပြောသည်။
ယနေ့ မင်းဂံရပ်ကွက်တွင် ကြီးကြပ်ရေးမှူးရွေးချယ်ရာ၌ လူပေါင်း ၅၀ ခန့် တက်ရောက်ခဲ့ကြသည်။

https://www.facebook.com/151742128171206/posts/4006489992696381/

Leave a Reply

Your email address will not be published.