ငပလီ Amazing Hotel တွင် တည်းခိုနေသူတစ်ဦး၌ ကိုဗစ်ပိုးတွေ့၍ ဟိုတယ်ကိုလော့ဒေါင်းချ

By Narinjara/ 2021 January

ဆောင်းဇာခြည်

များမကြာမီက ဖွင့်ခွင့်ရရှိခဲ့သည့် သံတွဲမြို့နယ်၊ ငပလီမြို့ရှိ Amazing Hotel ဟိုတယ်တွင် တည်းခိုနေသူတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရရှိ၍ ဟိုတယ်တစ်ခုလုံးကို လော့ဒေါင်းချလိုက်ရကြောင်း သတင်းရရှိသည်။ယမန်နေ့ ဇန်နဝါရီ ၇ ရက်နေ့က သံတွဲဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးစဉ် ပိုးတွေ့ရှိပြီးနောက် ဟိုတယ်ကို ၁၄ ရက်အကြာ လော့ဒေါင်း (Lockdown) ချလိုက်ခြင်းဖြစ်ကြောင်း ယင်းဟိုတယ်၏ ဝန်ထမ်းတစ်ဦးဖြစ်သူ မလွင်သီတာအောင်က ပြောသည်။“ပိုးတွေ့တာက တစ်ယောက်တည်းပါ။ သူက ဒီနေ့ ဆိုပြန်မယ့်အစီစဉ်နဲ့ပေါ့။ မနေ့က သွားစစ်တာမှာ ပို့တွေ့တာ။ သူက ရန်ကုန်ကိုသွားဖို့ လုပ်နေတာ။ သူနဲ့အတူ နှစ်ယောက်လာတာ သူ့တပည့်နဲ့လေ။ သူတို့နေတာက တစ်ခန်းတည်းပဲ။ ဒါပေမယ့် သူ့တပည့်ဆီမှာ မတွေ့ဘူး။ သူ့ဆီမှာပဲ တွေ့တာ။” ဟု နိရဥ္စရာသို့ ပြောသည်။ပိုးတွေ့သူမှာ ဇန်နဝါရီ ၅ ရက်နေ့က ရန်ကုန်မှ လာရောက်ကာ ယင်းဟိုတယ်၌ တည်းခိုနေထိုင်သူဖြစ်ပြီး ၄င်းမှာ အသက် ၆၁ နှစ်အရွယ် အမျိုးသားဖြစ်ကြောင်း သိရသည်။လက်ရှိတွင် ဟိုတယ်၌ ဧည့်သည် ၁၉ ဦးရှိကြောင်း၊ ၄င်းဧည့်သည်များကိုလည်း ရောဂါပိုးစစ်ဆေးပြီး ပိုးမတွေ့သူများမှာ ဟိုတယ်မှ ထွက်ခွာသွားနိုင်ရန် စီစဉ်ထားကြောင်း မလွင်သီတာအောင်က ပြောသည်။“ ပုံမှန်ဆိုလို့ရှိရင် ဟိုတယ်မှာလာတည်းသူတွေက သူတို့ ဟိုတယ်က မသွားခင် ပိုးစစ်တာ။ အဲဒီ ဆေးစစ်ချက်လက်မှတ်နဲ့မှ လေယာဉ်လက်မှတ် ဝယ်လို့ရမှာမို့လေ။ အခုပိုးတွေ့တဲ့သူကိုလည်း ၆ ရက်နေ့ကစစ်တာ။ မနေ့က ပိုးတွေ့တယ်လို့ အဖြေသိရတော့ သူရန်ကုန်ကိုပြန်မှာ မပြန်လိုက်ရဘူး” ဟု သူမက ဆက်ပြောသည်။လက်ရှိတွင် ပိုးတွေ့သည့် လူနာမှာ သံတွဲဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။အဆိုပါ ဧည့်သည်ထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရပြီးနောက် ဟိုတယ်တစ်ခုလုံးကို ပိုးသတ် ဆေးဖြန်းခြင်းများပြုလုပ်ကြောင်း၊ ဟိုတယ်ဝန်ထမ်းများအားလည်း ရောဂါပိုးစစ်ဆေးခြင်းများ ပြုလုပ်ကြောင်း မလွင်သီတာအောင်က ပြောပြချက်အရ သိရသည်။ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ် မတ်လအတွင်းက ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်ဖြင့် ငပလီမြို့ရှိ ဟိုတယ်များအား ပိတ်ခဲ့ပြီးနောက် ၂ဝ၂ဝ ပြည့်နှစ် ဇူလိုင်လက ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်ဖြင့်ပင် ဟိုတယ် ၄ လုံးနှင့် သြဂုတ်လက ၂ လုံး စုစုပေါင်း ၆ လုံးကို ပြန်ဖွင့်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားရေးမှူးဦးစီးဌာနမှ တာဝန်ရှိသူများ ပြောပြချက်အရ သိရသည်။ငပလီမြို့တွင် များမကြာမီက ဖွင့်ခွင့်ရသည့် ဟိုတယ် (၆) လုံးရှိပြီး ယင်းတို့မှာ Amazing Hotel (Beach Hotel)၊ AZ Family (1)၊ AZ Family (2)၊ Royal Lintha၊ ထိန်လင်းသာနှင့် Kyaw Myanmar Hotel တို့ ဖြစ်ကြသည်။ရခိုင်ပြည်နယ်တွင် ဇန်နဝါရီ ၇ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူ ၄ဝ၆၅ ဦး၊ ဆေးရုံ ဆင်းခွင့် ရရှိသူ ၃၇၉၅ ဦးရှိကာ သေဆုံးသူ ၃၆ ဦးအထိရှိကြောင်း ရခိုင်ပြည်နယ် ကိုဗစ်စောင့်ကြည ့်လေ့လာရေးအဖွဲ့မှ စာရင်းများအရ သိရသည်။

https://www.facebook.com/151742128171206/posts/3941232155888832/

Leave a Reply

Your email address will not be published.