ချောင်းသာတွင်ဖမ်းမိသည့် အထောက်အထားမဲ့ ၇ ဦးကို စစ်တွေပြန်ပို့

By DVB / January / 13 / 2021

ချောင်းသာကမ်းခြေမှာ ဖမ်းဆီးရမိခဲ့တဲ့ ရခိုင်ပြည်နယ်မှ အထောက်အထားမဲ့ဝင်လာသူ ၇ ယောက်ကို  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ရခိုင်ပြည်နယ်ကို မနေ့က ပြန်လည် ပို့ဆောင်ခဲ့ပါတယ်။ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးထွန်းရွှေက “ချောင်းသာကမ်းခြေမှာ ဖမ်းမိတဲ့ ရခိုင်ပြည်နယ်က အထောက်အထားမဲ့ဝင်လာသူ ၇ ယောက်ကို မနေ့ကပဲ သူတို့မူလ လာရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို ပြန်လည်ပို့ဆောင်ခဲ့ပြီး ဖြစ်ပါတယ်”လို့ ပြောပါတယ်။

 ဇန်နဝါရီ ၄ ရက်နေ့က ကျောက်မောင်နှမကမ်းခြေကနေ ၅ မိုင်အကွာ ပင်လယ်ပြင်မှာ နိုင်ငံသားအထောက်အထားမဲ့လူ  ၇ ယောက်ကို တင်ဆောင်လာတဲ့စက်လှေကို တာဝန်ရှိသူတွေက ဖမ်းဆီးမိခဲ့တာပါ။ စက်လှေထဲမှာ မွတ်စလင်အမျိုးသား ၅ ယောက်နဲ့  အမျိုးသမီး ၂ ယောက် အပြင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့က မြန်မာနိုင်ငံသား စက်လှေသမား ၅ ယောက်  စုစုပေါင်း ၁၂ ယောက် ပါဝင်တယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။ 

အဲဒီနောက်မှာ ဧရာဝတီတိုင်းအစိုးရအဖွဲ့က အထောက်အထားမဲ့ မွတ်စလင် ၇ ယောက်ကို  သူတို့ လာရောက်ခဲ့ကြတဲ့ စစ်တွေမြို့ကို ပြန်လည်ပို့ဆောင်ခဲ့ပြီး မြန်မာနိုင်ငံသား စက်လှေသမား ၅ ယောက်ကိုတော့ ရာဇသတ်ကြီးပုဒ်မ ၃၆၇ (လူခိုးမှု) နဲ့ အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။ စက်လှေပေါ်ပါလာသူတွေကို  ချောင်းသာမြို့က ကျန်းမာရေးဌာနက ကိုဗစ်-၁၉ ရောဂါ ရှိမရှိ ဇန်နဝါရီ ၅ ရက်နေ့က စစ်ဆေးခဲ့ပြီး အားလုံးမှာ ကိုဗစ် – ၁၉ ရောဂါပိုးမရှိကြောင်း အဖြေထွက်ခဲ့တယ်လို့ သိရပါတယ်။

https://www.facebook.com/191574990881009/posts/3932218196816651/

Leave a Reply

Your email address will not be published.