By Developement Media Group/ January 2/ 2021
ခင်သရဖီဦး

စစ်တွေစစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေရသော ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မာလာကျေးရွာမှ ကျေးရွာသားများက ကျေးရွာတွင်ကျန်ရစ်ခဲ့သည့်ပစ္စည်းများကို ပြန်လည်သယ်ယူနိုင်အောင် စီစဉ်ပေးရန် ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း သိရသည်။ယင်းသို့ ကျန်ရစ်ခဲ့သည့် ပိုင်ဆိုင်သည့်ပစ္စည်းများကို ပြန်လည်ယူဆောင်ခွင့်ပြုခြင်းဖြင့် စားဝတ်နေရေးနှင့် လူမှုအခက်အခဲများကို ပြေလည်စေမည်ဖြစ်ကြောင်း မာလာကျေးရွာသားများက ဆိုသည်။မာလာကျေးရွာသား၊သူများ၏ အခက်အခဲကို သနားသောအားဖြင့် ကျန်ရစ်ပစ္စည်းများကို ပြန်လည်ယူဆောင် နိုင်အောင်စီစဉ်ဆောင်ရွက်ပေးပါရန် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် မာလာကျေးရွာသားများက ဝန်ကြီးချုပ်ဦးဆောင်သော ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံ အသနားခံစာ ပေးပို့ ခဲ့သည်။မာလာကျေးရွာမှ ကျောက်တော်မြို့ရှိ စစ်ဘေးရှောင်စခန်းတွင်ခိုလှုံနေသည့် ဦးစောရွှေသိန်းက “ရွာမှာကျန်ခဲ့တဲ့ ပစ္စည်းတွေကိုပြန်ယူနိုင်ရင် ကျနော်တို့စားဝတ်နေရေးအတွက် တစ်စိတ်တစ်ပိုင်း ဖြေရှင်းနိုင်မှာဖြစ်တာကြောင့် ကျနော်တို့ အသနားခံစာတင်ရတာဖြစ်ပါတယ်” ဟု ပြောသည်။လက်ရှိ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲများရပ်တန့်နေသည့် အတွက် မိမိနေရပ်ပြန်ပြီး ပစ္စည်းများအား ပြန်လည်သယ်ဆောင်ရာတွင် စိုးရိမ်ရန်မလိုကြောင်း ပြည်နယ်အစိုးရ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။“တိုက်ပွဲကလည်း သူဟာနဲ့သူ ငြိမ်နေတဲ့ဟာကို ကိုယ့်ဟာကိုယ်သွားဖို့အတွက် ဘာအခက်အခဲရှိမှာလဲ၊ တပ်ကတော့ သူတပ်နေရာနဲ့သူရှိမှာပေါ့၊ ကိုယ့်ကအရပ်သားပဲ ဘာစိုးရိမ်စရာရှိလဲ၊ ကိုယ့်ပစ္စည်းကို သွားယူယူ၊ ကိုယ်အိမ်မှာကိုယ့်သွားနေနေပေါ့” ဟု ဝန်ကြီးဦးဝင်းမြင့်က ဆိုသည်။မာလာကျေးရွာအနီးရှိ မောက်တောင်တောင်ပေါ်တွင် ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းမှစတင်၍ တပ်စွဲထား သဖြင့် ကျေးရွာသားများမှာ ရွာသို့မသွားလာရဲကြောင်း ဦးစောရွှေသိန်းက ပြောသည်။“အရင်က ရွာထဲမှာလူမြင်တာနဲ့ တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်တဲ့အနေအထားတွေရှိတယ်။ တချို့က စားဝတ်နေရေးအကျပ်အတည်ကြောင့် ရွာပြန်ပြီးပစ္စည်းယူဖို့သွားတဲ့အခါ အဖမ်းခံရတာရှိတယ်။ အခုထိ ပြန်လွှတ်တာလည်းမရှိဘူး။ အဲဒါကြောင့် ကျနော်တို့ အခုလိုစာတင်ရတာဖြစ်တယ်” ဟု ၎င်းကဆိုသည်။ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကမူ အစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းမပေးပါက မာလာကျေးရွာသားများ မိမိကျေးရွာမှ ပိုင်ဆိုင်မှုများကို သွားရောက်သယ်ယူရန် မဖြစ်နိုင်ဟု ဆိုသည်။“လတ်တလောမှာ ဒီအတိုင်းသွားမယ်ဆိုတဲ့ကိစ္စက မလွယ်ဘူး၊ အဲဒါကို သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ၊ အစိုးရ အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကနေပြီးတော့ ခွင့်ပြုတယ်ဆိုတဲ့ပုံစံမျိုးနဲ့ သူတို့ကို အမှန် တကယ်စာနာမှုပေးပြီးတော့ အတိုင်းအတာတစ်ခုထိ ဝိုင်းဝန်းကူညီစောင့်ရှောက်ခွင့်မပေးသမျှ ကာလပတ်လုံး အဲဒီရွာထဲကို ရွာသားတွေသွားဖို့၊ လာဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး” ဟု ၎င်းကပြောသည်။ကျောက်တော်မြို့နယ်အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ အကြား ၂ နှစ်ကျော်အကြာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ တိုက်ပွဲများရပ်တန့်လျက်ရှိနေပြီး နှစ်ဖက်ဆွေးနွေးမှုများရှိသဖြင့် စစ်ဘေးရှောင်အချို့ နေရပ်ပြန်မှုများ ရှိနေသည်။
https://www.facebook.com/466648543487562/posts/1911612628991139/