ကျေးရွာရှိ ကျန်ရစ်ခဲ့သည့်ပစ္စည်းများကို ပြန်လည်သယ်ယူခွင့်ပြုရန် ကျောက်တော် မာလာကျေးရွာသားများ ဝန်ကြီးချုပ်ထံသို့ အသနားခံစာပို့

Western News/ January 1/ 2021

-ခိုင်ဇော်ထွန်းဇန်နဝါရီ ၁ ရက်ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မာလာကျေးရွာမှ ကျေးရွာသားများမှာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့၏တိုက်ပွဲများကြောင့် ထွက်ပြေးလာရသဖြင့် ကျန်ရစ်ခဲ့သောပစ္စည်းများကို ပြန်လည်သယ်ယူခွင့်ပြုရန် ဇန်နဝါရီလ ၁ ရက်နေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အသနားခံစာပေးပို့ကာ တောင်းဆိုလိုက် ကြောင်း သိရသည်။မာလာကျေးရွာသားများမှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၁၇ ရက်နေ့မှ တိမ်းရှောင်လာခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် စားဝတ်နေရေးအခက်အခဲဖြစ်နေသည့်အပြင် အဝတ်အထည်နှင့် ကျန်းမာရေး လိုအပ်ချက်များနှင့် ကြုံတွေနေရသဖြင့် ကျန်ရစ်ခဲ့သည့် ပစ္စည်းများကိုပြန်လည်သယ်ယူခွင့်ပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း မာလာကျေးရွာသားတစ်ဦးဖြစ်သည့် ဦးစောရွှေသိန်းကပြောသည်။”ကျွန်တော်တို့စစ်ဘေးရှောင်တွေမှာတော့ အဓိကအခက်အခဲဖြစ်တာကတော့ စားဝတ်နေရေးပါပဲ။ အဲဒီအပြင် ဆောင်းရာက်လာပြီဆိုတော့ အနွေးထည်တွေလိုတယ်။ ပြီးရင် ကျန်းမာရေးအခက်အခက်တွေရှိတယ်။ ကျွန်တော်ဆိုရင် အခုကျန်းမာရေးသိပ်မကောင်းဘူး။ ပိုက်ဆံအခက်အခဲရှိတယ်။ ဒါကြောင့် ကျွန်တော်တို့က ကျွန်တော်တို့ ရွာသူ/ရွာသားတွေ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ သယ်ယူချင်တယ်”ဟုပြောသည်။တပ်မတော်မှ မာလာကျေးရွာ အနီးတွင်ရှိသည့်မျောက်တောင် တောင်ထိပ်တွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ မတ်လ ၁၃ ရက်မှ စတင်တပ်စွဲထားသည်မှာ ယနေ့အချိန်ထိဖြစ်ပြီးအဆိုပါတပ်စွဲထားမှုကြောင့်ကျေးရွာသားများမှာ မသွားရဲ မလာရဲ ဖြစ်နေကြသည်ဟု ဒေသခံများကဆိုသည်။ ဝန်ကြီးချုပ်အနေဖြင့် ကျန်ရစ်ပစ္စည်းများကိုသယ်ယူခွင့်ပေးရန် ယတိပြတ်ယုံကြည်ထားပြီး အစိုးရပ်တစ်ရပ်အနေဖြင့်လည်း ပြည်သူများ၏အခက်အခဲများကိုကူညီဆောင်ရွက်ပေးရန်တာဝန်ရှိကြောင်း စစ်ဘေးရှောင်များအရေးကူညီဆောင်ရွက်ပေးနေသည့် ကိုဇော်ဝင်းကပြောသည်။”ကျွန်တော်တို့ကတော့ သူတို့အနေနဲ့ အဲဒီရွာသားတွေရဲ့ ကျန်ရစ်ခဲ့တဲ့ပစ္စည်းတွေကို သယ်ယူခွင့်ပေးမယ်လို့တော့ ယတိပြတ်ယုံကြည်ထားတယ်။ ဘာလို့လဲဆိုတော့ အစိုးရတစ်ရပ်အနေနဲ့ ပြည်သူတွေအခက်အခဲကို ကူညီကယ်ဆယ်ဆောင်ရွက်ပေးရမယ်။ ဒီဟာက သူတို့ရဲ့ လုံးဝရှောင်လွှဲလို့မရတဲ့ တာဝန်တစ်ခုပါပဲ။ ဒီ မာလာရွာသားတွေရဲ့ပစ္စည်းတွေကို သယ်ယူခွင့်ပေးဖို့ဆိုတာလည်း အစိုးရရဲ့ ဝန်ထုတ်ဝန်ပိုးတစ်ခုမဟုတ်ဘူး။ ဒါကြောင့် သူတို့ရဲ့အခက်အခဲတွေကို စောလျှင်စွာ ကူညီဆောင်ရွက်ပေးလိမ့်မယ်လို့ ထင်ပါတယ်”ဟုပြောသည်။အသနားခံစာကို ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုအပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့်ထံကိုလည်း မိတ္တူပေးပို့ထားကြောင်းလည်း ကိုဇော်ဝင်းက ပြောဆိုသည်။အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်စည်ပင်သာယာ ရေးဝန်ကြီးဦးဝင်းမြင့်အား ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခဲ့ခြင်းမရှိပေ ။မာလာကျေးရွာတွင် အိမ်ထောင်စု ၁၂၀ ခန့်ရှိပြီးအိမ်ထောင်စုအလိုက် ကျန်ရှိခဲ့သည့်ပစ္စည်းများမှာ ဆန်အိတ် (၅၂၇) အိတ်၊ စပါး (၁၆၈၅၀)တောင်း၊ နွား (၂၉၉) ကောင်၊ ဝက်(၂၄၀) ကောင်၊ ဆိတ်(၄၈) ကောင်၊စက်ပစ္စည်း (၅၇) လုံး တို့ဖြစ်ပြီး ကျေးရွာသားများ၏ပစ္စည်းများကို မပျောက်မပျက်ဘဲ ပကတိ အတိုင်းပြန်လိုချင် ကြောင်းလည်း ကျေးရွာသားများကပြောသည်။

Western News- WN

https://www.facebook.com/102405104899336/posts/202994611507051/

Leave a Reply

Your email address will not be published.