By Narinjara/ 2021 January 4
ဇော်ဝင်းဌေး( ငခူချောင်း)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် လေယာဉ်ဖြင့်သွားမည့် သံဃာတော်တစ်ပါးနှင့် အမျိုးသားတစ်ဦးတို့၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် လိုက်ပါမည့် ခရီးသည် (၄၈) ဦးအား ဇန်နဝါရီ ၂ ရက်နေ့က ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ သာသနာ့ဗိမာန်ဆောင်တွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက (RDT) စနစ်ဖြင့် စစ်ဆေးခဲ့ရာတွင် ထိုသို့ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကျော်ဖြူခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာရဲလွင်မောင်က “ကိုဗစ်တွေ့သူတွေက မနက်ဖြန် လေယာဉ်ခရီးသွားကြမယ့်သူတွေပါ။ ဟိုတစ်နေ့က စစ်ဆေးရာမှာ ပိုးတွေ့တာပါ။ ပြည်သူတွေကို တိုက်တွန်းချင်တာက မလိုအပ်ဘဲအပြင်မထွက်ပါနဲ့၊ Mask တပ်ပါ၊ လက်ကို မကြာခဏဆေးပါ၊ လူစုလူဝေးရှောင်ကြပါ။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေကိုလိုက်နာကြပါ” ဟု နိရဥ္စရာသို့ပြောသည်။
ကျောက်ဖြူမြို့တွင် လေယာဉ်စီးနင်းလိုက်ပါကြမည့် ခရီးသည်များကို လူတစ်ဦးလျှင် တစ်သောင်းကျပ်ဖြင့် လေယာဉ်မထွက်မီ တစ်ရက်ကြိုတင်၍ မွန်းလွဲ ၁ နာရီမှ ၃ နာရီအတွင်း သာသနာ့ဗိမာန်ဆောင်တွင် ကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
အဆိုပါပိုးတွေ့ရှိသူနှစ်ယောက်ကိုလေးဝတီကုလရက္ခိတ-ပရဟိတအသင်း(ကျောက်ဖြူ)မှ ခရိုင်ပြည်သူ့ ဆေးရုံကြီးသို ပို့ဆောင်ပေးခဲ့ကြောင်း လေးဝတီကုလရက္ခိတအသင်း ဥက္ကဋ္ဌ ကိုဂျပန်ကြီး က ပြောသည်။
“ ကိုဗစ်ပိုးကြောင့် လူတွေရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတွေမှာ အစစအရာရာ ထိခိုက်ကုန်ကြတယ်။ ပြည်သူတစ်ယောက်အနေနဲ့ကတော့ အစိုးရအနေဖြင့်လည်း စည်းကမ်းများကို စနစ်တကျ ချမှတ် ပေးစေချင်ပါတယ်” ဟုပြောသည်။
ရခိုင်ပြည်နယ်တွင် ၂၅-၁၂-၂၀၂၀ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ အရေအတွက် ၄၀၄၆ ဦးရှိပြီး ဆေးရုံကဆင်းခွင့်ရသူ ၃၇၅၆ ဦးရှိပြီး သေဆုံးသူ ၃၃ ဦးရှိကြောင်း Rakhine Covid -19 Watch ၏ ထုတ်ပြန်ချက်စာရင်းအရ သိရသည်။
https://www.facebook.com/151742128171206/posts/3930785093600205/