By Western News/ 2021 January 28
အောင်စိုး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်တွင်နေထိုင်သည့် ဦးကျော်လှိုင်မှာ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်ကာ ရက်စက်စွာသတ်ဖြတ်ခံရပြီးနောက် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကျောက်တော်မြို့မရဲစခန်း၌ မိသားစုဝင်များက အမှုဖွင့်တိုင်ကြားခဲ့သည်။ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ကကျောက်တော်မြို့မရဲစခန်းတွင် ပြစ်မှုအမှတ် ၃၁၊ ၂၀၂၀/ပုဒ်မ ၃၀၂၊ ၂၀၁ အမှုဖွင့်တိုင်ကြားထားသော်လည်း လက်ရှိအချိန်ထိတရားခံမည်သူဆိုသည်ကို ရဲစခန်းကမဖော်ထုတ်နိုင်သေးကြောင်း အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ ဦးကျော်လှမြင့်ကပြောသည်။” ဦးကျော်လှိုင်အသတ်ခံရတာနဲ့ပတ်သက်လို့ ရဲစခန်းမှာအမှုဖွင့်ထားတာအခုချိန်ထိ တရားခံကိုရဲစခန်း ကမဖော်ထုတ်နိုင်သေးဘူး”ဟု ပြောသည်။ဦးကျော်လှိုင်မှာ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂ ရက်နေ့တွင် မိမိနေအိမ်မှနေ၍ ပုလင်းခွံ၊ ဘူးခွံများကို ကောက်ယူရန်အတွက် မြို့ထဲသို့သွားစဉ် လမ်းတွင်တပ်မတော်စစ်ကြောင်းတစ်ခုနှင့် တွေ့ကာ ဖမ်းဆီးခြင်းခံလိုက်ရသည်ဟု ဇနီးဖြစ်သူဒေါ်စုချေ ကပြောသည်။ ယင်းနောက် ၆ ရက်အကြာတွင် ကစ္စပနဒီတံတား အနီးရှိကမ်းစပ်တွင်ခန္ဓာကိုယ်အားအပိုင်းပိုင်းဖြတ်ကာ သတ်ဖြတ် ခံထားရသည်ကိုတွေ့ရှိခဲ့ရသည်ဟု ဇနီးဖြစ်သူဒေါ်စုချေကပြောသည်။ဦးကျော်လှိုင်သေဆုံးပြီးနောက်ပိုင်း ဇနီးဖြစ်သူမှာလည်း မစုလှိုင်ဝင်းခေါ် ၂ နှစ်အရွယ် ကလေးတစ်ဦးနှင့်ကျန်ခဲ့ကာ အားကိုးရာမရှိသဖြင့် စားဝတ်နေရေး အခက်အခဲ များစွာရှိနေသည်ဟု ပြောသည်။” ကျွန်မှာကမိဘလည်းဆုံးသွားပြီ။ အမျိုးသားလုပ်တာကိုစားနေရတာ။ အမျိုးသားလည်း အသတ်တခံလိုက်ရတယ်။ အခုတော့ သမီးလေးတစ်ယောက်နဲ့စားသောက် ရေးအခက်အခဲကြုံနေရတယ်။ ဒီနေ့စားဖို့အတွက် ဒီနေ့ဖြစ်သလိုရှာစားနေရတယ်။ သမီးချေကိုထိန်းပေးမဲ့သူမရှိဘူး။ အငတ်ငတ်အပြတ် ပြတ်နေ နေရတယ်”ဟု ပြောသည်။လက်ရှိတွင် ဒေါ်စုချေ မှာ အစ်ကိုဖြစ်သူ၏ ခြံထဲ၌ တဲအိမ်တစ်ခုဆောက်ကာ နေထိုင်လျှက်ရှိသော်လည်း စားသောက်ရေးအပိုင်းတွင် ဆန်ကိုဝေမျှပြီး စားသောက်နေရသည်ဟု အစ်ကိုဖြစ်သူ ဦးချစ်လင်းအောင်က ပြောသည်။” ကျွန်တော်တို့မှာကမိဘလည်းဆုံးသွားပြီ။ စုချေမှာကသူ့ရဲ့အမျိုးသားလုပ်တာကို စားသောက်နေတာ။ အခုကအမျိုးသားလည်း အသတ်ခံလိုက်ရတော့ လုပ်ကျွေးမယ့်သူမရှိတော့ဘူး။ သူ့မှာသမီးလေးတစ်ယောက်လည်းရှိတယ်။ အလုပ်လုပ်ဖို့အတွက်လည်း ကလေးကိုထိန်းပေးမယ့်သူမရှိဘူး။ ကျွန်တော့်တို့မှာရှိရင် စားဖို့ဆန်တစ်ဘူးနှစ်ဘူးပေးတယ်။ ကျွန်တော်လည်း ပိုက်ဆံချမ်းသာတဲ့သူမဟုတ်ဘူး။ တစ်နေ့လုပ်မှတစ်နေ့စားသောက်နေရတာ”ဟု ပြောသည်။အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောက်တော်မြို့မ ရဲစခန်းမှစခန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။ မိသားစုဝင်များက ဦးကျော်လှိုင်အား တပ်မတော်မှဖမ်းဆီးသွားသည်ဟု ပြောဆိုချက်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်းဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။စစ်ရေးပဋိပက္ခအတွင်း ကျောက်တော်မြို့နယ်၌ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစတင်ပြီး ယခုနှစ် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ အရပ်သားသေဆုံးသူဦးရေ ၅၀ ဦး၊ ဒဏ်ရာရရှိသူဦးရေ ၂၁၆ ဦးနှင့် စစ်ကြောရေး အတွင်း ဖမ်းဆီး၊ ပျောက်ဆုံးသွားသူဦးရေ ၁၀၅ ဦးအထိရှိသည်ဟု အရပ်ဖက်အဖွဲ့အစည်း များ၏အချက်အလက် အရသိရသည်။
https://www.facebook.com/102405104899336/posts/220244349782077/