By Western News/ 2021 January 21
အောင်စိုး
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အရှေ့အရပ်တွင်တည်ရှိသော သမိုင်းဝင်ကျောက်တော်တောင်ဘုရားတောင်ပေါ်၌ ကတုတ်ကျင်း အမြောက်အမြားများပြုလုပ်လျက်ရှိသည်ကို ဇန်နဝါရီ ၁၉ ရက်နေ့က သတင်းထောက်များဘုရားဖူးသွားခဲ့စဉ်က တွေ့မြင်ခဲ့ရသည်။ ယင်းတောင်ပေါ်ရှိ ဘုရားသိမ်များအတွင်း၌လည်း တပ်မတော်သားများနေထိုင်လျက်ရှိနေကြပြီး ၎င်းတို့၏ အသုံးအဆောင် ပစ္စည်းများ၊ အဝတ်အထည်များကို တန်းလျားများပြုလုပ်လျက် နေပူလှန်းထားကြသည်ကို သတင်းထောက်များက တွေ့မြင်ခဲ့ကြသည်။တပ်မတော်သားတစ်ချို့ဆိုလျင် အရပ်အဝတ်ဖြင့်သေနတ်ကိုင်ဆောင်ထားကာ ဘုရားစေတီပေါ်သို့တက်သည့်လှေကားထစ်များတွင် နေထိုင်နေကြသည်ကိုတွေ့မြင်ခဲ့ကြရပြီး ခန့်မှန်းခြေအားဖြင့် တပ်မတော်သားအင်အား ၂၀ ကျော်ခန့်ရှိသည်ကိုတွေ့ရသည်။ ဘုရား ၊ ပုထိုးစေတီများပေါ်၌ တပ်မတော်သားများအနေဖြင့် နေရာယူထားမှုများမရှိဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့သော ၂၀၂၀ ခုနှစ် သတင်းစာရှင်းလင်းပွဲ တစ်ခုတွင်ပြောဆိုခဲ့သည်။ယင်းအပြင် မြောက်ဦးမြို့နယ်ရှိ သင်းကျစ်တော်ဘုရားနှင့် လင်းမွေတောင်ဘုရား၊ မင်းပြားမြို့ရှိ မင်းပြားကျိန်းတောင်ဘုရားနှင့် ဘူးသီးတောင်မြို့နယ်ရှိ သုံးဆယ့်တစ်ဘုံဘုရားတို့၌တပ်မတော်ကနေရာယူထားသည်မှာတစ်နှစ်ကျော်ကြာရှိနေပြီဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများက ပြောဆိုကြသည်။
Western News-WN
https://www.facebook.com/102405104899336/posts/215843170222195/