ကျိန္တလီမြို့အနီးရှိ ကျွန်းနံ့သာကျွန်းကို အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ်ဖွဲ့စည်းနိုင်ရန် ဇီဝမျိုးကွဲများစာရင်း ကောက်ယူနေ

By Western News / January 29 / 2021

Western News – ခိုင်ဇော်ထွန်းဇန်နဝါရီ ၂၉ ရက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့အနီးရှိ ကျွန်းနံ့သာကျွန်း(နံ့သာကျွန်း) ဧရိယာအနီးတစ်ဝိုက်ကို အဏ္ဏဝါ အမျိုးသား ဥယျာဉ်အဖြစ်ဖွဲ့စည်းနိုင်ရန်အတွက် ဇီဝမျိုးကွဲများစာရင်းကိုစတင်ကောက်ယူနေကြောင်းသိရသည်။

ဇီဝမျိုးကွဲများစာရင်းကို ဇန်နဝါရီလ ၁၆ ရက်မှ ၂၁ ရက်နေ့ထိ စတင်ကောက်ယူခဲ့ပြီး ဂွမြို့နယ်သစ် တောဦးစီးဌာန၊ ဂွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း (RCA) နှင့် တောရိုင်းတိရစ္ဆာန် များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ WCS (မြန်မာ) တို့ပူးပေါင်းကာ စတင်စာရင်းကောက်ယူ ဆောင်ရွက်နေကြောင်း ဂွမြို့နယ်သစ်တောဦးစီးဌာန၊ တောအုပ်ကြီး မှိုင်းအေးက Western News ကိုပြောသည်။

“အဲဒီ နံ့သာကျွန်းကို ဇန်နဝါရီလ ၁၆ ရက်ကနေ ၂၁ ရက်နေ့ထိ ကျွန်တော်တို့ သွားရောက်ပြီး စာရင်းကောက်ယူခဲ့တယ်။ WCS (မြန်မာ)ကဦးဆောင်ပြီးတော့သွားတာ။ စာရင်းသွားကောက်တဲ့ထဲမှာတော့ ကျွန်တော်ပါတယ်။ပြီးရင် မြို့နယ်ငါးလုပ်ငန်းကပါတယ်။ WCS ကလူတွေကတော့ရေငုတ်ပြီးတော့ ဇီဝမျိုးစိပ်တွေရှာဖွေခဲ့တယ်”ဟုပြောသည်။

ကျွန်းနံ့သာကျွန်းကို အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ်ဆောင်ရွက်ရန်အတွက် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပဏာမ စိစစ်ရေးကော်မတီတစ်ခုဖွဲ့စည်းပေးခဲ့ပြီး ယင်းကော်မတီတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မြေစာရင်းဦးစီးမှူး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး၊ WCS (မြန်မာ)နှင့်ဒေသခံတိုင်းရင်း သားများ၊ ရေလုပ်ငန်းရှင် များ ပါဝင်ကြောင်းလည်းသိရသည်။နံ့သာကျွန်းတွင် ဇီဝမျိုးစိပ်များဆက်လက်ရှာဖွေနေသေး၍ အချက်အလက်စုံစုံလင်လင်မရရှိသေးသော်လည်း သန္တာကျောက်တန်းများ၊ ပင်လယ်မြက်ခင်းများ၊ ‌ဝေလငါးများ၊ ငါးမန်းဖလောင်းများနှင့် ပင်လယ်ငှက် မျိုးစိပ်အများအပြားတွေ့ရှိရကြောင်း ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း RCA ဥက္ကဌ ဒေါက်တာမောင်မောင်ကြည် က Western News ကိုပြောသည်။

“တရားဝင်စာရင်းဇယားတွေကတော့ ပြုစုနေတုန်းပဲရှိသေးတယ်။ ရုံးချုပ်ကိုတော့ မရောက်သေးဘူး။ ဇီဝမျိုးစိပ်တွေရှာ ဖွေနေတဲ့ ကျွန်တော့်လူတွေပြောပုံအရဆိုရင်တော့ သန္တာကျောက်တန်းတွေရှိတယ်။ ပင်လယ်မြက်ခင်းတွေရှိတယ်။ ‌ဝေလ ငါးရှိတာတွေကတော့ အထောက်အထားရှိတာပေါ့။ ပြီးတော့ ငါးမန်းဖလောင်းတွေရှိတယ်။ တောင်ပေါ်မှာတော့ တောရိုင်း တိရစ္ဆာန်တွေမရှိဘူး။ ဒါပေမယ့် ပင်လယ်ငှက်မျိုးစိပ်တွေတော့ အများအပြားရှိတယ်”ဟု ဒေါက်တာမောင်မောင်ကြည် ကပြောသည်။

အဆိုပါ ကျွန်းနံ့သာကျွန်းကို အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ခံလိုက်ရပါက ကမ္ဘာလှည့်ခရီး သွားများဝင်ရောက်မှုရှိ လာမည်ဖြစ်ပြီး ကမ္ဘာ့ထိန်းသိမ်း ရေးအမွေအနှစ်တစ်ခု ဖြစ်လာမည်ဟုလည်း ရခိုင်ပြည်နယ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တာဝန်ခံ ဦးသန်းမြင့်ကဆိုသည်။

ကျွန်းနံ့သာကျွန်းသည် ကျိန္တလီမြို့မှ ရေမိုင် ၂၄ မိုင်ခန့်ကွာ‌ဝေးပြီး ရေပြင်ဧရိယာ ၂၂၂၁၉ ဧက အပါအဝင် ကုန်းမြေ ၈၂၁ ဧက၊ စုစုပေါင်း ၂၃၀၄၀ ဧကကို ဇီဝမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်နှင့် အဏ္ဏဝါအမျိုးသားဥယျာဉ် အဖြစ်ဆောင်ရွက်ရန် အတွက် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်းလည်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အောက်တိုဘာလ ၁၂ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်နယ်တွင် စစ်တွေနှင့် ရသေ့တောင်ကြား မေယုမြစ်ဝရှိ ဧက ၂၀၀၀၀ ကျော်ရှိသည့် နံ့သာကျွန်းတွင် ရှားပါးငှက်နှင့် ရေပျော်ငှက်များအပြင် လိပ်မျိုးစိပ်များကိုထိန်းသိမ်းမှုများကိုလုပ်ဆောင်နေပြီး အဆိုပါနံ့သာကျွန်းမှာ ယခုနှစ်အတွင်း အပြည်ပြည်ဆိုင်ရာရေဝပ်ဒေသအဖြစ်လည်းသတ်မှတ်ခံထားရသည်။

ယင်းအပြင်မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်းမှ လန်ပိကျွန်းတစ်ခုသာ အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခံထားရပြီး နံ့သာကျွန်းမှာ အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ခံခဲ့ရပါက မြန်မာနိုင်ငံအတွင်း တွင်အဏ္ဏဝါအမျိုးသားဥယျာဉ် အဖြစ်သတ်မှတ်ခံခဲ့ရသည့် ဒုတိယကျွန်း‌မြောက်ကျွန်းဖြစ်လာမည် ဖြစ်လည်းဖြစ်သည်။

https://www.facebook.com/102405104899336/posts/220866206386558/

Leave a Reply

Your email address will not be published.