ကိုဗစ်-၁၉ လူနာသစ် ၅၆၆ ဦးတွေ့ရှိ၊ သေဆုံးသူ ၁၄ ဦးထပ်တိုး

By DVB/ 2021 January 9

ပုံစာ- ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထူး ကြပ်မတ်ကုသဆောင် (ICU)

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၅၆၆ ယောက် ထပ်မံတွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၄ ယောက် ထပ်တိုးလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသူ ၁၄ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဇန်နဝါရီ ၈ ရက် ည ၈ နာရီမှ ဇန်နဝါရီ ၉ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၉,၈၀၆ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၅၆၆ ယောက် ထပ်မံတွေ့ရှိခဲ့တာပါ။ လူနာသစ်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ ၆၇၄ ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၄၇၇  ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက  ၁၉၇ ယောက်  ပါဝင်တယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ အယောက်  ၅၄၀ ကို နေအိမ်တွေမှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၉ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၃၀,၀၄၉ ယောက်၊ သေဆုံးသူ ၂,၈၂၆ ယောက် ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၁၃,၅၅၀ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၈၉ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၉ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၆၄ သန်းကျော် ရှိပြီလို့ သိရပါတယ်။

https://www.facebook.com/191574990881009/posts/3921644504540687/

Leave a Reply

Your email address will not be published.