By Narinjara/ 2021 January 25
ဇော်ဝင်းဌေး(ငခူချောင်း)
ရခိုင်ပြည်နယ်ကို ကိုဗစ်ကာကွယ််ဆေးများ ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်နေ့က စတင်ရောက်ရှိနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က နိရဥ္စရာသို ့ပြောသည်။“ ကိုဗစ်ကာကွယ်ဆေးတွေက မနေ့က ရောက်တာပါ။ ခုတစ်ခေါက်ရောက်တာက ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးထိုးပေးမှာပါ။ နောက်ပိုင်းမှာတော့ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ ဦးစားပေးထိုးခိုင်းသူတွေကို ထိုးပေးမှာပါ” ဟုပြောသည်။ကိုဗစ်ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများအား ဇန်နဝါရီ ၂၇ နေ့တွင် စတင်ထိုးပေးနိုင်ရန် စီစဉ်နေသည်ဟုလည်း ဒေါက်တာစိုးဝင်းပိုင်က ဆက်ပြောသည်။ရခိုင်ပြည်နယ်သို့ရောက်ရှိနေသည့် ကိုဗစ်ကာကွယ်ဆေးများသည် မြန်မာနိုင်ငံသို့ အိန္ဒိယနိုင်ငံအစိုးရက ဇန်နဝါရီ ၂၂ ရက်နေ့က ပထမအကြိမ်အဖြစ် ပေးပို့လှူဒါန်းလိုက်သည့် ဆေးအလုံးရေ တစ်သန်းခွဲတွင်ပါဝင်ကြောင်း သိရသည်။ မောင်တောခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ နုကေသီစံက လက်ရှိတွင် ကိုဗစ်ကာကွယ်ဆေးထိုးမည့်အစီအစဉ်များနှင့်ပတ်သက်၍ သင်တန်းတက်ရောက်နေကြရပြီဟု ပြောသည်။“၂၇ ရက်နေ့ ဝန်ထမ်းတွေကို ဆေးရုံမှာပဲ ထိုးမှာပါ။ နောက်ထပ် အစီအစဉ်တွေကို အများကြီးမသိရသေးဘူး၊ ကိုဗစ်ဆေးထိုးမယ့်ကိစ္စနဲ့ပတ်သက်ပြီးတော့ သင်တန်းတက်နေတုန်းမို့ပါ” ဟုပြောသည်။အိန္ဒိယနိုင်ငံအစိုးရက မြန်မာအစိုးရသို့ ပထမအကြိမ်လှူဒါန်းထားသည့် အဆိုပါကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လူဦးရေ ခုနစ်သိန်းခွဲကိုထိုးပေးသွားမည်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ဗဟိုအစိုးရနှင့် တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကို ပထမဦးစားပေးအဖြစ် ထိုးပေးသွားမည်ဟုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။“တခြားနိုင်ငံတွေမှာက အမေရိကန်က ဆေးကိုထိုးတာ။ အခုက အိန္ဒိယကဆေးကို ထိုးမှာဆိုတော့ ၅ဝ ရာခိုင်နှုန်းလောက်ပဲ ကာကွယ်နိုင်မယ်လို့ထင်တယ်။”ဟု အမည်မဖော်လိုသော ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။မြန်မာနိုင်ငံတွင် ဇန်နဝါရီ ၂၅ ရက်နေ့အထိ ကိုဗစ်ကူးစက်ခံထားရသူ ၁၃၇၅၇၄ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၁၂၁၅၅၈ ဦးရှိပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၃၀၆၂ ဦးအထိ ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။ရခိုင်ပြည်နယ်တွင်လည်း ဇန်နဝါရီ ၂၅ ရက်နေ့အထိ ကိုဗစ်ကူးစက်ခံထားရသူ ၄၂၅၉ ဦးရှိပြီး သေဆုံးသူ ၃၇ ဦးရှိနေပြီဖြစ်သည်။
https://www.facebook.com/151742128171206/posts/3990160250996022/