ကာကွယ်ရေးဦးစီးချုပ်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ရိုဟင်ဂျာအရေးဆွေးနွေး

By RFA / January / 12/ 2021

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ခွာထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အရေးကိစ္စကို ဒီကနေ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ နေပြည်တော်မှာတွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြပါတယ်။

ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေး တရုတ်အစိုးရက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ကြားဝင်ကူညီပေးဖို့ ကြိုးစားနေတာပါ။

တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို နှစ်နိုင်ငံခေါင်းဆောင်တွေကို ဖိတ်ပြီး သုံးပွင့်ဆိုင်တွေ့ဆုံဖို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်ကတည်းက တရုတ်ဘက်က ကြိုးပမ်းလာတာဖြစ်ပေမယ့် ဒီအစီအစဉ်တွေ အခုအချိန်ထိ အကောင်အထည်မဖော်နိုင်ဘဲ ဖြစ်နေပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူ မိုမန်ကတော့ မြန်မာပြည်မှာ ရွေးကောက်ခံ အစိုးရသစ်ဖွဲ့စည်းပြီးတာနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး သုံးပွင့်ဆိုင် ဆွေးနွေးမှုကို အမြန်ဆုံး စနိုင်ဖို့မျှော်လင့်ကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလမှာပြောထားပါတယ်။

မြန်မာအစိုးရဘက်ကတော့ ကပ်ရောဂါကြောင့် တရုတ်အစိုးရပါဝင်တဲ့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဆွေ နှောင့်နှေးနေတာလို့ဆိုပါတယ်။

ကာကွယ်ရေးဦးစီးချုပ်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ကြား ဒီကနေ့ ဘာတွေဆွေးနွေးသဘောတူခဲ့ကြတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ဒီကနေ့တွေ့ဆုံပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက်က နိုဝင်ဘာ (၈) ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ မဲစာရင်းတွေမှားယွင်းနေတာတွေကို တပ်မတော်က ပြန်စိစစ်ပြီး ဥပဒေတွေအတိုင်း ဒီမိုကရေစီ မယိမ်းယိုင်အောင်လုပ်ဆောင်နေတယ်လို့ ဝန်ကြီး ဝမ်ယိကို ပြောဆိုခဲ့ကြောင်းလည်း တပ်မတော်ကသတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ပြည်တွင်းစစ်ပြဿနာတွေနဲ့ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်ရေးကိစ္စတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ (၂) ရက်ကြာမြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကို သီးခြားစီတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

https://www.facebook.com/39218993127/posts/10160697851173128/

Leave a Reply

Your email address will not be published.